International News

ကုန်သွယ်မှုနှင့် ဒစ်ဂျစ်တယ်ပေးချေမှုများတွင် ပြည်တွင်းသုံးငွေကြေးအသုံးပြုရန်အိန္ဒိယနှင့် UAE တို့ သဘောတူညီမှုရရှိ

Last Updated:

အိန္ဒိယနှင့်အာရပ်စော်ဘွားများပြည်ထောင်စု(UAE)တို့အကြား ကုန်သွယ်မှုနှင့်စီးပွားရေးဆိုင်ရာဆက်ဆံမှုများကို အဓိကမြှင့်တင်ရန်ရည်ရွယ် ၍ ယခုလ ၁၅ ရက်က နှစ်နိုင်ငံ ဗဟိုဘဏ်နှစ်ခုအကြား သမိုင်းဝင်သဘောတူညီမှုများရရှိခဲ့ကြောင်း သိရသည်။ အဆိုပါသဘောတူစာချုပ်များအရ နှစ်နိုင်ငံအပေးအယူကိစ္စများ၌ ပြည်တွင်းသုံးငွေကြေးအသုံးပြုမှုကိုမြှင့်တင်ရန်နှင့် ဒစ်ဂျစ်တယ်ပေးချေမှုစနစ်နှစ်ခုအကြား ချိတ်ဆက်ဆောင်ရွက်သွားရန်ကိစ္စတို့ပါဝင်သည်။

အဆိုပါသဘောတူစာချုပ်များကို ဝန်ကြီးချုပ်နာရန်ဒရာမိုဒီ၏ UAE ခရီးစဉ်အတွင်း မြို့တော် အဘူဒါဘီသို့ရောက်ရှိစဉ် ယခုလ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အိန္ဒိယဗဟိုဘဏ်ဥက္ကဌ Shaktikanta Das နှင့် UAE ဗဟိုဘဏ်ဥက္ကဌ Khaled Mohamed Balama တို့သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် UAE သမ္မတ Sheikh Mohamed bin Zayed Al Nahyan တို့၏ ရှေ့မှောက်တွင် အဆိုပါနားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ပထမသဘောတူညီမှုအရ အိန္ဒိယနှင့် UAE နိုင်ငံတို့သည် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်အပေးအယူကိစ္စရပ်များတွင် ရူပီးနှင့်ဒါဟမ်ငွေကြေးကို အသုံးပြုသွားမည့် မူပေါင်တစ်ရပ်အား ထူထောင်သွားမည်ဖြစ်သည်။ အဆိုပါပြည်တွင်းသုံးငွေကြေးအသုံးပြုပေးချေမှုစနစ် (Local Currency Settlement System, LCSS) အားအသုံးပြု၍ သာမန်စာရင်းအပေးအယူကိစ္စရပ်များနှင့် ခွင့်ပြုချက်ရရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ငွေလုံးငွေရင်းစာရင်းအပေးအယူကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နှစ်နိုင်ငံ ပို့ကုန်/သွင်းကုန်လုပ်ငန်းများအနေဖြင့် အဆိုပါစနစ်ကိုသုံးပြုခြင်းအားဖြင့် ငွေကြေးလဲလှယ်မှုဆိုင်ရာ ထိခိုက်နိုင်ခြေများကို ရှောင်ရှားနိုင်မည်ဟုဆိုသည်။

ဒုတိယသဘောတူညီမှုတွင် နှစ်နိုင်ငံသုံးဒစ်ဂျစ်တယ်ငွေကြေးစနစ်များဖြစ်ကြသည့် UPI နှင့် IPP ၊ ကတ်ဖြင့်ပေးချေမှုကွန်ယက်များဖြစ်သော RuPay နှင့် UAESWITCH ၊ စာတိုပို့ပလက်ဖေါင်းများဖြစ်သော အိန္ဒိယနိုင်ငံသုံး SFMS စနစ်နှင့် UAE နိုင်ငံသုံး အလားတူစနစ်တို့အကြား ချိတ်ဆက်ဆောင်ရွက်သွားရန် အဓိကရည်ရွယ်သည်။

ပြည်တွင်းသုံးငွေကြေးများကို အသုံးပြု၍ ရောင်းဝယ်ခြင်းသည် တည်ငြိမ်မှုရှိခြင်း၊ ပေးချေမှုလျှင်မြန်လွယ်ကူခြင်းနှင့် အပေးအယူစရိတ်များကို လျှော့ချပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် အိန္ဒိယနိုင်ငံနှင့် UAE တို့အကြား အပြန်အလှန်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အရှိန်အဟုန်မြှင့်တင်သွားနိုင်မည်ဖြစ်သည်။

လတ်တလော၌ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၅ ဘီလီယံကို ကျော်လွန်ခဲ့ပြီဖြစ်သည်။ လာမည့် ၂၀၂၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် G20 ထိပ်သီး အစည်းအဝေးပွဲမတိုင်မီ၌ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ ရည်မှန်းထားသည့်အတိုင်း အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံသို့ ရောက်ရှိလာမည်ဟု ယုံကြည်ကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က ထုတ်ဖေါ်ပြောကြားခဲ့သည်။

အထက်ပါသဘောတူညီမှုများမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးသတင်းပို့စနစ်ဖြစ်သော SWIFT ၏မူကွဲစနစ်တစ်ရပ်ဖြစ်လာရန် အခြေခံအုတ်မြစ်ကို ချမှတ်နိုင်မည်ဖြစ်သည်။ အဆိုပါစနစ်သစ်က အပေးအယူကိစ္စရပ်များကို အထောက်အကူပြုမည်ဖြစ်ပြီး၊ ရုရှား-ယူကရိန်းပဋိပက္ခပေါ်ပေါက်လာပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချပေးနိုင်မည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုလျှင် ယခုလ ၁၅ ရက်နေ့က အိန္ဒိယနှင့် UAE တို့အကြား ရရှိခဲ့သော သဘောတူညီမှုများသည် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းလာစေမည့် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခုပင်ဖြစ်ပါသည်။ ၎င်းတို့နှစ်နိုင်ငံသည် ပူပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဆောင်ရွက်မှုများကို ပိုမိုရိုးရှင်းစေမည့်နည်းလမ်းတစ်ရပ်ကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် နှစ်နိုင်ငံငွေကြေးများကို အသုံးပြုသွားရန် အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ဖြစ်သော MPU ကို ပိုမိုခိုင်မာအားကောင်းအောင်ဆောင်ရွက်သင့်ပြီး၊ အိန္ဒိယနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလျက်ရှိသော UPI စနစ်ကဲ့သို့ ဒစ်ဂျစ်တယ်စနစ်များနှင့် ပေါင်းစည်းချိတ်ဆက်ဆောင်ရွက်နိုင်ရန် နည်းပညာပိုင်းနှင့်လုံခြုံမှုပိုင်းများကို အဆင့်မြှင့်တင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။

ရည်ညွှန်း      

(၁) The Times of India၊ Going beyond $: India, UAE sign rupee-dirham trade pact၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။

(၂)  The Times of India၊ India-UAE agree to pursue local currency trade and promote domestic payment networks၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)                

                                                                                             

 

Category: International News